ဆွေးနွေးချက်: What is a Contributor ?
View Single Post
Old 24-01-2011, 05:47 AM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,383 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ -What is a Contributor ?

ကျွန်တော် မြန်မာမိသားစု ဖိုရမ်ကို ရောက်တာ တစ်နှစ်ကျော်ခဲ့ပြီ - ဖိုရမ်မှာ စာရေးရင်း လိုအပ်နေတာလေးတွေ အချိန်တိုင်း လိုက်ကြည့်ဖြစ်တယ် - လိုအပ်နေတာတွေကတော့ အများကြီးပေါ့လေ - ဒါပေမယ့် ဖိုရမ်တစ်ခု ရပ်တည်ရာမှာ မဖြစ်မနေ လိုအပ်တဲ့ အကြောင်းအရာလေးတစ်ခုကို ဖိုရမ်ဝင် မိသားစုများ သိရှိနိုင်အောင် သတိထားမိနိုင်အောင် အကြောင်းအရာ အများကြီးထဲက အချက်တစ်ချို့ကို ဒီနေရာမှာ ဖော်ပြပေးချင်ပါတယ် - အဲ့တာတွေအားလုံးရဲ့ အနှစ်ချုပ်ကတော့ -

ဖိုရမ်တစ်ခုရဲ့ သဘောသဘာဝကို မိသားစုဝင်တော်တော်များများက အမေးအဖြေ ဆိုဒ်တစ်ခုလို ထင်နေကြတယ် - ဖိုရမ်ဆိုတာ အမေးအဖြေလုပ်ဖို့ တစ်ခုတည်း အတွက် တည်ထောင်ထားတဲ့ နေရာ မဟုတ်ပါဘူး - မသိတာလာမေး ပြီးရင်ပြန်ဆိုတာ အမေးအဖြေ ဆိုဒ်တွေရဲ့ သဘောသဘာဝပါ - ဖိုရမ်က အဲလိုဆိုဒ်တွေနဲ့ ရပ်တည်မှုခြင်း မတူပါဘူး - ဖိုရမ်ဆိုတာ လူအားလုံးရဲ့ အသိပညာ အတွေးအခေါ်နဲ့ အတွေ့အကြုံတွေကို စုပေါင်း မျှဝေတဲ့နေရာ - ကိုယ်သိထား တာတွေကို အခြေခံကျကျ ပြောပြမယ် - လေ့လာနိုင်မယ့် နေရာကောင်းတွေ လက်ဆင့်ကမ်းမယ် - တစ်ယောက်ယောက် အခက်အခဲရှိရင် ကိုယ်နားလည်ထားသလောက် ဝင်ပြောပေးမယ် - ကိုယ်မသိသေးတာတွေကိုလည်း တစ်ခြားသူတွေရဲ့ အတွေ့အကြုံ မျှဝေမှုတွေကနေ ရယူမယ် - ဒါက ဖိုရမ်တစ်ခုရဲ့ အသက်ပါ - ဒါကို မိသားစုဝင်အများစု အခုထိ ရုပ်လုံးမကွဲကြ သေးဘူး -

ကျွန်တော်တို့ ဖိုရမ်အပါအဝင် မြန်မာဖိုရမ်တော်တော်များများကို လိုက်ကြည့်ရင် ဆွေးနွေးချက်နဲ့ အမေးအဖြေဆို တစ်နေ့နဲ့ တစ်နေ့ ဆွေးနွေးချက်ထက် အမေးအဖြေက နေ့တိုင်းလိုလို ပိုတက်ပြီး ဆွေးနွေးချက်က ပျောက်ပျောက်နေတာ တွေ့နေရတယ် - အဲတာတွေက အားမနာတမ်း ပြောရရင် အလားအလာ မကောင်းဘူး - ဘာလို့လည်းဆိုတော့ -

Quote:
ပြဿနာတစ်ခုကို ပြေလည်စေတာဟာ ပြဿနာ အားလုံးကို ပြေလည်စေမယ့် ဖြေရှင်းချက် မဟုတ်လို့ပါပဲ
ဝလုံးရေးတတ်ချင်တဲ့ ကလေးတစ်ယောက် ဝလုံးရေးတတ်တဲ့ ကျွန်တော်တို့ဆီကို ဝလုံးရေးနည်း လာသင်ပြီ ဆိုကြပါစို့ - ကျွန်တော်တို့ သူ့ကို ဝလုံးရေးတတ်သွားအောင် ဝလုံးရေးနည်း ဘယ်လိုသင်ပေးကြမလဲ ??
  • ကျောက်သင်ပုန်း ကျောက်တံယူ - ကလေးကို ဒီမှာကြည့် "ဦး"/"ဒေါ်လေး" ဆွဲတာ - ပြီးရင် "ဦး"/"ဒေါ်လေး" ဆွဲသလို လိုက်ဆွဲဆိုပြီး သင်ပေးမလား ??
  • ကျောက်သင်ပုန်း ပေါ်မှာ ကျောက်တံကို သူ့လက်နဲ့ သူ့ဘာသာသူ ကိုင်ခိုင်းပြီး ကိုယ်က ဘေးကနေ ပါးစပ်ပြောနဲ့ ဟိုလိုလုပ် ဒီလိုလုပ်နဲ့ သင်မလား ??
  • ကျောက်သင်ပုန်း ကျောက်တံပေါ်မှာ သူ့လက်ကို ကိုယ့်လက်နဲ့ ထပ်ကိုင် စနစ်တကျ နေသားချပေးပြီး - ညာလက်နဲ့ ဝလုံးရေးရင် မှားတတ်တဲ့ အမှား - ဘယ်လက်နဲ့ ဝလုံးရေးရင် မှားတတ်တဲ့ အမှား - ကျောက်တံ အနေအထားနဲ့ လက်ကိုင်အသုံးပြုပုံ - လက်ကောက်ဝက် အနေအထားနဲ့ စာလုံးဆက်စပ်မှု ဆိုတဲ့ ဝလုံးရေးဆွဲနည်း ဥပဒေသတွေ အားလုံးကို နားလည်လွယ်အောင် ရှင်းပြ သင်ပေးမလား ??

အဲ့တော့ ဘယ်သင်ကြားနည်းကို ကျွန်တော်တို့ ရွေးကြမလဲ ??

Contributors များ၏ အခန်းကဏ္ဍ

ဝလုံးရေးနည်း ဆိုတာ တကယ်တော့ ကျွန်တော်တို့ စာရေးတတ် ဖတ်တတ်လာအောင် သင်ခဲ့ရတဲ့ ပညာရပ်တစ်ခုလုံးရဲ့ အဦးဆုံး အခြေခံ - ဝလုံးရေးနည်းတောင် ကလေးတစ်ယောက် စနစ်တကျ တတ်မြောက်သွားဖို့ ဒီလောက် အချိန်ပေးရရင် ဖိုရမ်ဆိုတဲ့ ပညာရပ်စုံတဲ့ နယ်ပယ်တစ်ခုမှာ မသိနားမလည်သေးတဲ့ လေ့လာသူတွေကို လက်တွဲခေါ်နိုင်ဖို့ ကျွန်တော်တို့ ဒီ့ထက်ပိုပြီး အချိန်ပေးကြရမယ် -

( ၁ ) ကူညီလိုစိတ်မွေးပါ

လူတိုင်း လူတိုင်း မွေးကတည်းက ပါလာတာ ပျင်းတဲ့ရောဂါ - လူတိုင်း ပျင်းတတ်တယ် - ကျွန်တော်လည်း ပျင်းတယ် - တစ်ခုခု သိချင်တယ် ဒါပေမယ့် ရှာရမှာ ပျင်းတယ် - တစ်ခုခု နားလည်ချင်တယ် ဒါပေမယ့် ဖတ်ရမှာ ပျင်းတယ် - ဖိုရမ်ကို ရောက်လာတော့ မေးခွန်းတွေ အများကြီး တွေ့ရတယ် - အဲ့ကျတော့လည်း ဖြေဖို့ ပျင်းပြန်ရော - ပျင်းတယ်ဆိုတာထက် တစ်ချို့ အကြောင်းအရာ တွေက မှန်ရာပြောရရင် ကိုယ်တိုင်လည်း အပေါ်ယံကြောလောက်ပဲ သိတာ - အတွင်းကျကျ မသိဘူး - အဲတာကို ပြန်ရှင်းဖို့ဆိုရင် အတွင်းကျကျ သိနိုင်ဖို့ စာပြန်လိုက်ဖတ်ရတယ် - အဲ့ကျတော့ ပျင်းလို့ မရတော့ဘူး - ဒါကို ကျွန်တော်တို့က ကူညီလိုစိတ် မွေးတယ်လို့ ခေါ်တယ် - ကိုယ့် အခက်အခဲ မဟုတ်ပေမယ့် တစ်ခြားသူတစ်ယောက်ရဲ့ အခက်အခဲကို တတ်နိုင်မယ်ဆိုရင် ကူညီနိုင်ဖို့ ကြိုးစားကြည့်ပါ - ငါက ဘာမှမှ မသိတာဆိုတဲ့ စကားလုံးနဲ့ ကိုယ့်ကိုယ်ကိုယ် အကျဉ်းချ မပစ်လိုက်ပါနဲ့ - ငါက ဘာမှမှ မသိတာဆိုတဲ့ အတွေးမျိုး တွေးတတ်ရင် ငါသူတို့ထက် စာပိုဖတ်ဖြစ်ဖို့လိုတယ်ဆိုတဲ့ အတွေးမျိုး တွေးမိဖို့လည်း သိပ်အရေးကြီးပါတယ် - ဖိုရမ်ကို ရောက်ဖြစ်တုန်းခဏ အင်တာနက် လက်တစ်ကမ်း ရှိတုန်းအချိန်မှာ ကိုယ်သိထားတာတွေထဲက ဘယ်အကြောင်းအရာပဲ ဖြစ်ပါစေ တစ်ခုတစ်လေလောက် မျှဝေနိုင်ဖို့ ကြိုးစားကြည့်ပါ - အဲ့ဒီ့ မျှဝေမှုကနေ လက်ဆုပ်လက်ကိုင် ပြနိုင်စရာ ဆုလာဒ်ကောင်းတစ်ခု ရဖို့ မသေချာပေမယ့် လိုအပ်လေ့လာ သူတွေကနေပေးမယ့် မေတ္တာတရားကိုတော့ အတိုင်းအဆမရှိ ရရှိပါလိမ့်မယ်။

( ၂ ) အလှမ်းကျယ်ပါစေ သို့သော် ...

လူတိုင်း အောင်မြင်ချင်တာပဲ - လူတိုင်း ကြီးကျယ်မြင့်မြတ်ချင်တာပဲ - လူတိုင်း လူထင်ကြီး မခံရရင်တောင် လူထင်သေးမခံချင် ကြတဲ့ သူချည်းပဲ - ဒီစိတ်မျိုး ကျွန်တော့်မှာ ရှိသလို မိသားစုဝင်တိုင်းမှာလည်း ရှိတယ် - ဒါပေမယ့် အဲ့စိတ်ကို ခုခေတ် လူငယ်တွေမှာ ရှိနေတဲ့ စိတ်နဲ့ ချိန်ထိုးကြည့်တော့ အများကြီး လွဲမှားနေတာ သွားတွေ့ရတယ် - မြန်မာလူငယ်တွေ အောင်မြင်ချင်တာ ကြီးကျယ်မြင့်မြတ်ချင်တာတော့ တအားပဲ - ဒါပေမယ့် တော်တော်များများ က ဖြတ်လမ်းနည်းနဲ့ အောင်မြင်ချင်နေကြတယ် - ဥပမာ ပေးရရင် Computer နဲ့ ပတ်သတ်ပြီး ဆိုကြပါစို့ Programmers တို့ Game developers တို့ Web designers တို့ စသဖြင့် အောင်မြင်တဲ့ သူတွေ တွေ့ရင် သူတို့လို ဖြစ်ချင်လိုက်ကြတာ တအား - သူတို့လို ဖြစ်ချင်ရင် သူတို့ဘယ်လို ကြိုးစားခဲ့လဲ သူတို့ ဒီလို ဖြစ်လာဖို့ ဘယ်လောက် ရင်းနှီးပေးဆပ်ခဲ့ရလဲ - အဲတာတွေသိပြီးရင် ငါဘယ်လို ပြင်ဆင်သင့်သလဲ ဆိုတာ အရင်မလေ့လာဘူး - ဖြတ်လမ်းနည်းနဲ့ အခြေခံဘာမှမသိပဲ ကိုယ့်ကိုယ်ဆရာတစ်ဆူလို အထင်ခံ ရအောင် လုပ်ချင်နေကြတယ် - ပြောရရင် အလှမ်းကျယ်ပြီး အလယ်လပ် နေကြတာပေါ့ - ဒီလိုဖြစ်နေတာ လူငယ်တွေရဲ့ အပြစ်မဟုတ်ဘူး - အဲတာ လူကြီးတွေရဲ့ အပြစ် - ဘာလို့လည်းဆို တတ်ပြီးသိပြီးသား လူတွေက မတတ်သေး မသိသေးသူတွေ လေ့လာနိုင်အောင် အခြေခံကို ပြန်ဆင်းပြီး ဘယ်သူမှ တော်ယုံ မရှင်းပြကြတော့ဘူး - ကျွန်တော် ကွန်ပြူတာနဲ့ ပတ်သတ်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘာမှမဟုတ်တဲ့ အခြေခံလေးတွေကို မြန်မာလို မဖတ်ရပဲ - အင်္ဂလိပ်လို လိုက်ဖတ်နေရတာ အများကြီး - အင်္ဂလိပ်လိုဖတ်ရတာ ဘာမှ မဖြစ်ပါဘူး - မြန်မာလူမျိုး အဲ့လောက် အင်္ဂလိပ်စာ ညံ့တဲ့သူ တစ်ယောက်မှ မရှိဘူး - အားလုံး ဖတ်နိုင်တယ် - ဒါပေမယ့် သိထားဖို့ ကောင်းတာ ကျုပ်တို့ ခု အင်္ဂလိပ်လိုဖတ်နေတဲ့ စာတွေထဲက တစ်ချို့ အကြောင်းအရာတွေ ဟာ သူများနိုင်ငံမှာ အခြေခံ အဆင့်လောက်တည်းက သိခဲ့တာတွေဗျ - ဒါတွေ ဘာလို့ ကျွန်တော်တို့ မသိခဲ့လဲ - ငါ့တုန်းကလည်း ဒီလိုပဲ အင်္ဂလိပ်လို ဖတ်ခဲ့တာပဲ - မင်းသိချင်ရင်လည်း အင်္ဂလိပ်ဖတ်ပေါ့ ဆိုတဲ့ လူကြီးတွေကြောင့် ကျွန်တော်တို့ သိသင့်တဲ့ အရွယ်မှာ ဒီ အခြေခံ အဆင့်တွေကို မသိခဲ့တာ - ဒါတွေကို အခုမှ ဒရောသောပါး လိုက်ဖတ်နေရတော့ သူများနိုင်ငံကသူတွေ ဟော တစ်စင်း ဟောတစ်စင်းနဲ့ အာကာသပေါ် ယာဉ်ပျံတွေ တက်နေတဲ့ အချိန် ဒီကလူတွေက ခုချိန်ထိ Browser ဆိုသည်မှာ - Torrent ဆိုသည်မှာ လုပ်နေရတယ် - ကျွန်တော်တို့တွေ Basic မရှိပဲ Advance ကို ကျော်တက်ချင်လို့ မရဘူး - အဲတာကို မမေ့ကြပါနဲ့ - မြန်မာလူမျိုးထဲမှာ Advance ပိုင်းကို ကောင်းကောင်းရေးနိုင်တဲ့သူတွေ အများကြီး ရှိတယ် - ဒါပေမယ့် Advance ပိုင်းကို ရောက်ပြီးသားသူတွေဆိုတာ တော်တော်များများ ဘယ်သူမှ Basic ပိုင်းကိုပြန်ရေးဖို့ စိတ်မကူးချင်ကြတော့ဘူး - ဒါ သူတို့ အပြစ်မဟုတ်ဘူး - သူတို့က Advance ပိုင်းကို ကောင်းကောင်းရေးနိုင်နေပြီမို့လို့ အလယ်အလတ် သိနေတဲ့ သူတွေကို Advance ပိုင်းကို ဆွဲခေါ်သွားလိမ့်မယ် - ကျွန်တော်တို့က ကိုယ့်လောက်မသိသေးတဲ့ လူငယ်တွေကို အလယ်အလတ် လောက် နားလည်တဲ့ အဆင့်ထိ Basic ကနေဆွဲခေါ်မယ် - အဲ့တာကြောင့် ဘယ်အကြောင်းအရာ ကိုရေးရေး တတ်နိုင်သမျှ အသေးစိတ်ပြီး ရေးပေးကြပါ - ကျွန်တော်တို့ လူမျိုးတွေ အဓိက လိုနေတာ အခြေခံပါ - အခြေခံကို နားလည်သွားတဲ့ လူငယ်တွေဟာ Advance ပိုင်းကို ဘယ်လိုသွားရမယ်ဆိုတာ သူတို့ကိုယ်သူတို့ ပိုင်းဖြတ်သွားနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် အလှမ်းကျယ်ကျယ် လှမ်းဖို့ ကြံတဲ့ အခါတိုင်း အလယ်မလပ်စေဖို့ ကိုပါ ဂရုပြုကြဖို့ အသိပေး လိုက်ပါရစေ။

( ၃ ) တို့ကနန်း ဆိတ်ကနန်း မလုပ်ပါနှင့်

တစ်ချို့က ကူညီချင်တယ်ဆိုတာထက် - ဒါလေးများ ငါတောင်သိတယ်ဆိုတဲ့ မသိစိတ်က ပညာဝင်ပြချင်တာ - ဒါလေးများကွာ ဟိုဟာကို ဟိုလိုလုပ်ပြီး ဒီဟာကို ဒီလိုလုပ်လိုက်ပေါ့ ဆိုတဲ့ နှစ်ကြောင်းလောက် ဝင်ရေးတာဟာ ကိုယ့်အတွက် ဘာမှမပင်ပန်းပေမယ့် လေ့လာသူကို ဇဝေဇဝါဖြစ်စေသလို - သိမ်ငယ်စိတ်ပါ စိုးမိုးစေပါတယ် - အဲလို တို့ကနန်း ဆိတ်ကနန်း ဆွေးနွေးမှုတွေကြောင့် နောက် ဆက်တွဲဖြစ်လာတဲ့ ပြဿနာတွေက Thread တွေ ဖောင်းပွ တယ် - တကယ်တန်ဖိုးရှိတဲ့ Thread တစ်ခုကို တို့ကနန်း ဆိတ်ကနန်း Thread က ဖုံးပြီး နောက်လူတွေကလည်း တို့ကနန်း ဆိတ်ကနန်းကိုပဲ အဟုတ်လိုထင် - သူတို့ဆွေးနွေးတဲ့ အချိန်ကျရင်လည်း တို့ကနန်း ဆိတ်ကနန်းတွေပဲ လုပ်လာကြ - ပြည့်ပြည့်စုံစုံ ဝင်ပြောပေးတဲ့သူကပဲ ဆရာကြီး ဝင်လုပ်သလိုလို - လူ့စိတ်က ကောင်းတာမြင်ရင်သာ အတုခိုးဖို့ ခက်တာ မကောင်းတာ မြင်ရင်ကျ မကောင်းမှန်း သိနေတာတောင် အလိုလို အတုခိုးမိလျက်သွား ဖြစ်နေကြရော - သိချင်လို့ မေးတဲ့လူခမျာလည်း အေးလေ ငါကလည်း ဒါလေးတောင် မသိဘူး - သူတို့ပြောတော့လည်း လွယ်လွယ်လေးလိုပဲ ဆိုတဲ့ အတွေးနဲ့ ဖိုရမ်ကနေ Reply သာရသွားတယ် သိချင်တာကို ဂဃနဏ မသိရ - ဘာလုပ်ရမှန်းမသိပဲ လေ့လာချင်စိတ်ကုန်ပြီး စိတ်ဓာတ်ပျက်သွားတတ်ကြတယ် - အဲ့တာကြောင့် မိသားစုဝင်များ မေးမြန်းချက် အကြောင်းအရာ တစ်ခုနဲ့ ပတ်သတ်လို့ ဝင်ရောက်ဆွေးနွေးချင်တာဖြစ်ဖြစ် - တစ်ခြားသူ ဆွေးနွေးထားတာ မရှိသေးလို့ ( သို့တည်းမဟုတ် ) ဆွေးနွေးထားတာ မတွေ့မိလို့ ကိုယ်ကစပြီး ဆွေးနွေးချင်ပြီဆိုရင် တတ်နိုင်သလောက် တို့ကနန်း ဆိတ်ကနန်း မလုပ်ကြပါနဲ့ - မရေးကြပါနဲ့ - ကိုယ်တိုင်လည်း မသိ - လေ့လာ ရမှာလည်း ပျင်းတယ်ဆိုရင် တို့ကနန်း ဆိတ်ကနန်း ဝင်ဆွေးနွေးမယ့် အစား လက်ရှောင် နေလိုက်ပါ - ဒီစကားက မသိရင် ဝင်မရေးရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး - ကိုယ့်စိတ်က တစ်ခုခု ပြောပြလိုက်ချင်တယ် - ကူညီလိုက်ချင်တယ်ဆိုတာ သေချာရင် တစ်ခြားသူအတွက်လည်း တကယ်အကျိုးရှိအောင် ကိုယ်သိထားတာကို စာလေးနည်းနည်းပြန်ဖတ် အကိုးအကားလေးနဲ့ ဆွေးနွေးပေးပါ - နည်းနည်းလောက် သိထားတယ်ဆိုရင် ကိုယ်သိထားသလောက်ကို တိတိကျကျ ချပြပြီး - ပြည့်ပြည့်စုံစုံဆွေးနွေး ချင်တယ်ဆိုရင်တော့ သိထားတာကို နောက်ထပ် အကိုးအကား လေ့လာနိုင် မယ့် နေရာတွေ - Screenshots တွေ Screencasts တွေနဲ့ပါ စုပေါင်းပြီး ဆွေးနွေးပေးကြ စေလိုပါတယ်။

( ၄ ) လူထင်ကြီး မခံရသည်ကို မြတ်နိုးပါ

ခေါင်းစဉ်ကို ဖတ်ရင် နည်းနည်းထူးဆန်းနေလိမ့်မယ် - ကျွန်တော် ကြုံခဲ့ဖူးတဲ့ လူတော်တော်များများဟာ သူတို့ ဘာပဲလုပ်လုပ် လူထင်ကြီးခံရအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာမျိုး မရှိသလောက်ရှားကြတယ် - ဒါပေမယ့် လူ့စိတ်ဆိုတာ ဆန်းတယ် - လူထင်ကြီးခံရအောင် ကျွန်တော်တို့ လုပ်နေကြတာ မဟုတ်ပေမယ့် အခြားဘက်မှာ ကိုယ့်မသိစိတ်က ကိုယ်တစ်ခုခု လုပ်လိုက်ရင် လူထင်သေးခံရမလား ဆိုတဲ့ ကြောက်စိတ် အမြဲရှိနေတယ် - အဲ့စိတ်ကြောင့်ပဲ လူထင်သေးမခံရအောင် လုပ်ရင်းနဲ့ နောက်ပိုင်းမှာ လူထင်ကြီးခံရအောင် မသိစိတ်က လုပ်မိလျက်သား ဖြစ်သွားတတ်ပါတယ် - ဘာလို့လည်းဆိုတော့ လူထင်သေးမခံရအောင် လုပ်ရတာက ခက်ပြီး - လူထင်ကြီးခံရအောင် လုပ်ရတာက သိပ်လွယ်လို့ပါ - ခက်တာဆိုရင် လူ့သဘာဝက ဘယ်သူမှ အပင်ပန်းခံပြီး နေ့စဉ်ရက်ဆက် မကြိုးစားချင်ဘူး - အဲ့ဒီ့ စိတ်ကို ဦးစားပေးမိတာတွေ များလာတဲ့ အခါ နောက်ပိုင်းကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက လူထင်သေးမခံရအောင် ကြိုးစားနေတဲ့ စိတ်မျိုးကနေ ငါဟာ မသိတာ မရှိဘူး - သူတို့ ဘာမေးမေး ငါသိတယ်ဆိုတဲ့ ပုံစံမျိုး လူထင်ကြီးခံရအောင် လုပ်ဆောင်နေတဲ့ လူတစ်ယောက်အဖြစ် ပုံသွင်းခံလိုက်ရတယ် - အဲ့နောက်မှာ ဘာတွေဖြစ်လာမလဲဆိုတော့ ကိုယ် လူထင်သေးမခံရအောင် ကြိုးစားခဲ့စဉ် တစ်ချိန်တုန်းက ကိုယ့်ကို တစ်ခဲနက် အားပေးထောက်ခံခဲ့တဲ့ သူတွေအားလုံး ကိုယ့်ကို စွန့်ခွာသွားတာ ခံရမယ် - လူတွေရဲ့ အထင်ကြီးတာ ခံရပြီး အမြင့်ကို ရောက်တဲ့ အချိန်ကျတော့မှာ ကိုယ့်ကို စွန့်ခွာသွားတာခံရတော့ အမြင့်ကိုရောက်လေ အကျနာလေ ဆိုတဲ့ စကားက ပေါ်လာတယ် - တကယ်တော့ ကျွန်တော်တို့ လူထင်ကြီး ခံရသည် ဖြစ်စေ - မခံရသည်ဖြစ်စေ ကိုယ့်လုပ်ဆောင်ချက် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားနေဖို့ပဲ လိုပါတယ် - လူထင်ကြီး မခံရတာ ပြဿနာ မရှိပါဘူး - ဖြစ်နိုင်ရင် လူထင်ကြီးမခံရတာလေးကိုပဲ မြတ်မြတ်နိုးနိုး ဖက်တွယ်ပြီး ကိုယ်လုပ်စရာ ရှိတာတွေကိုပဲ အကောင်းဆုံး လုပ်ဆောင်ဖြစ်အောင် ကျွန်တော်တို့ Contributors တွေ ကြိုးစားနေကြဖို့ပဲ လိုပါတယ်။

( ၅ ) လူမကြောက်ပါနှင့်

ဒီအကြောင်းကိုတော့ ပြောချင်ခဲ့တာ တော်တော်ကိုကြာပါပြီ - ဖိုရမ်မှာ မိသားစုဝင်တစ်ယောက်ယောက် ဆွေးနွေးချက်တစ်ခု စရေးတော့မယ်ဆိုရင် ဆွေးနွေးချက် မစခင်တည်းက -

Quote:
ကျွန်တော်/ကျွန်မကတော့ ဖိုရမ်မှာ အခုမှ စရေးဖူးတာပါ - အရင်က တစ်ခါမှ မရေးခဲ့ဖူးတာမို့လို့ အမှားပါရင် ခွင့်လွှတ်ပေးစေ ချင်ပါတယ် - ခုပြောမယ့် အကြောင်းကို သိထားပြီးသူလည်း ရှိပါလိမ့်မယ် - ဒါပေမယ့် မသိသေးတဲ့သူတွေ အတွက်ပါ - သိပြီးပြီး သူများအတွက် မရည်ရွယ်ပါဘူး - နားလည်ပြီးသူများ ကျော်သွားနိုင်ပါတယ် - အမှားတွေပါရင်လည်း ခွင့်လွှတ်ပေးပါ
စသဖြင့် ... အကြောင်းအရာတစ်ခု အစမပျိုးခင်တည်းက တောင်းပန်စကားတွေ အရမ်းများနေတာ သတိထားမိပါတယ် - ကျွန်တော် မိသားစုဝင်များကို အသိပေးချင်တာ ဖိုရမ်ဟာ စာစစ်ဌာန မဟုတ်ပါဘူး - တစ်ခြားဖိုရမ်မှာ ဘယ်လို ကြီးကြပ်တယ် ကျွန်တော် မသိပေမယ့် ကျွန်တော်တို့ ဖိုရမ်မှာ သိစေတတ်စေ နားလည်စေလိုတဲ့ စေတနာနဲ့ ကိုယ်တိုင်အချိန်ပေးပြီး အားတတ်သရော ရေးတင်ထားတဲ့ စာကို ဘယ် အုပ်ချုပ် ကြီးကြပ်သူတွေကမှ မျက်လုံးဒေါက်ထောက်ကြည့်ပြီး အမှားမရှာပါဘူး - ရေးပါ လွတ်လွတ်လပ်လပ် ရေးပါ - ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ - မိသားစုစိတ်ဓာတ်နဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး အမှားတွေ့ခဲ့ရင်လည်း ထောက်ပြပါ - လူကြောက်ဖို့ မလိုပါဘူး - တကယ်လို့ ကိုယ့်ဘက်က စေတနာအပြည့်နဲ့ တတ်စွမ်း သလောက် အချိန်ပေးပြီး ကိုယ်တိုင် ဆွေးနွေးပေးနေတာကို ကဖျက်ယဖျက်သဘောနဲ့ ပညာဝင်ပြချင်တဲ့သူတွေ့ရင် ကျွန်တော်တို့ အုပ်ချုပ် ကြီးကြပ်သူတွေရော မိသားစုဝင်တွေရော အားလုံး အမဲဖျက်သလို ဖျက်ပေးမယ် - လုံးဝ စိတ်မပူပါနဲ့ - စေတနာ မှန်ဖို့ပဲ လိုပါတယ် -

အနှစ်ချုပ်အနေနဲ့ Contributors များရဲ့ အခန်းကဏ္ဍမှာ Contributors အားလုံးကို ကျွန်တော် နောက်ဆုံး အကြံပြုချင်တာ ကတော့ -

Quote:
ပြဿနာအားလုံးကို ပြေလည်စေမယ့် နည်းလမ်းဟာ ပြဿနာအားလုံးကို လိုက်လံဖြေရှင်းပေးတဲ့နည်းလမ်း မဟုတ်ပါဘူး - ပြဿနာဖြစ်ပေါ်စေမယ့် လမ်းကြောင်းအားလုံးကို ကြိုတင်တားဆီး ကာကွယ်တဲ့နည်းလမ်းပါ
မိသားစုဝင်များ - Contributors များ ဒါကို မမေ့ကြပါနဲ့ - ဆွေးနွေးချက်ကို များများရေးပါ - ဝိုင်းဝန်းဆွေးနွေးပါ - စုပေါင်း အဖြေရှာပါ - နားမလည်တာတွေကို ထပ်မေးပါ - ကိုယ်ကိုယ်တိုင်လည်း သူများပြောတိုင်း မယုံပါနဲ့ - အဲ့လူပြောတဲ့ အဖြေကို ကိုယ်ကိုယ်တိုင် စာလိုက်ဖတ်ပြီး သေချာမှု ရှိမရှိ ဆန်းစစ်ပါ - ဒါဟာ ပြဿနာအားလုံးနီးပါးကို ဖြေရှင်းပေးဖို့ မလိုတဲ့ ကြိုတင်တားဆီးကာကွယ်မှု နည်းလမ်းပါပဲ -


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 25-03-2011 at 05:34 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 84 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုကိုပိုင်, ကိုဂျိန်း, ကိုစံငြိမ်း, ကိုပျင်း, ကိုမြင့်, ကိုဖြိုးငြိမ်း, ချစ်သမီး, စနိုးလေး, ဆိုင်ကျောက်, တာတာ, ဒဿဂီရိ, နီထွန်းဦး, ပလူးစ်, ပုထုဇဉ်, မဒီ, ယွန်းယွန်း, ရှင်းသန့်, လူမုန်းနဒီ, ဝင်းအောင်, သက်တန့်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, အလတ်ကြီး, ဦးဟန်ညွန့်, ဇော်ရဲပိုင်, နေမင်းမောင်, မေဇင်သော်, မေဦးမွန်, မောင်စိန်ရွှေ, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, မွေဖု, အောင်မင်းကို, အောင်မိုးထွန်း, အောင်ကျော်လင်း, အေးမင်းမောင်, ငြိမ်းချမ်း, မြင့်မိုရ်, ၀တ်မှုံ, ဖြိုးကောင်းကင်, မြန်အောင်သား, ah nai, alwslov, amaung344, Angelic Princess, arkaraung, Aung Aung, aungphyo, AZM, blackNwhite, bonge, centurymg, daya, dusk, Emc Arkar, Empathlover, g00gle, hellboy, Hla Myo Thein, Htin Lin Kyaw, johnmoeeain, jsmith201012, kaung kin lu, ko lin, ko myo, kyaukphyu, minlatt, minthike, minthumon, moe san dar, moe_poung, MTZO, openeyes, pannuko, phoetharlay, smlat88, theinzaw5949, thurein, thureinsoe, tu tu, yawnathan, Ye Aung, zo